ပွင့်ဖြူ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားတစ်စင်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက လွှတ်တော်ကိုယ်စား လှယ်များနှင့် မြို့နယ် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာရှိ ဒေသခံ ပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၉ သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ မြောက်မုန်းမြောင်းမကြီး အရှည်ပေ ၇၅ ပေအား လမ်းအကျယ် ၁၄ ပေ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက် နေမှုအခြေ အနေအား လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေးနှင့် ကျေးရွာနေပြည်သူများ ရေရှည်သွားလာအသုံးပြုနိုင်ရေး အရည်အသွေးပြည့်မီရေး ကြိုးပမ်း ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေ အဆင်ပြေစွာ ဖြန့်ဝေပေး နိုင်ရေးအတွက် မြောက်မုန်းမြောင်းမကြီးတစ်လျှောက် ရေလက်တံမြောင်းများ ပြုပြင် ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ရေလက်တံမြောင်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)