ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပ ဒေများ ချပြရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက လက်ရှိရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များ၏ ရာထူးသက်တမ်းသည် မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ (၁) ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် (Time Frame) ပါ အချိန်ကာလ သတ်မှတ် ချက်များအတိုင်း ခန့်အပ်နိုင်ရေး ကြိုတင်ဆောင်ရွက်သွားနိုင်ရေး ၊ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် ရာတွင် ဥပဒေ/နည်းဥပဒေပါအတိုင်း လုပ်ကိုင်ဆောင်ရွက်သွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ယန္တရား အဆင့်ဆင့် ဆောင်ရွက်ရမှုများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက ပြန်လည်ဖြေကြားကာ အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက်(၁၆)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာရှိကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)