နန်းယွန်း ဇန်နဝါရီလ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၌ ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ ရွေးချယ်ခန့်ထားရေးဆိုင်ရာ ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံး ခန်းမတွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိမ်းမောင်က ဖြည့်စွတ် မှာကြားခဲ့ ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ ရွေးချယ်ခန့်ထားရေးဆိုင်ရာ ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၁) ကို ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘာမန်က ဘာသာရပ်အလိုက် ရပ်/ကျေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့် နည်းဥပဒေများ၊ မြို့နယ်မှ အုပ်ချုပ်ရေးမှူးရွေးချယ်ရေး အကြမ်းဖျင်းစီမံချက်နှင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ (၂) ရက်ကြာ သင်တန်းသား (၆၁) ဦးတို့အား ပို့ချပေးမည်ဖြစ်ပြီး ယင်းသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။
ဟန်ကမ်း(ပြန်/ဆက်)