နတ်မောက် ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ပန်းညို-ကန်လေးကုန်း-မြင်းတဲကြီးနှင့် မြင်းတဲကြီး-ဗွက်ကျင်း-ဒီးဒုတ် ခင်ကျေးရွာ ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးမြေသားလမ်း ဖောက်လုပ်ပြီးစီးကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုး မြေသားလမ်းဖောက်လုပ်ခြင်းကို အင်ကြင်းတောင် ဆရာတော် ဦးကဝိဓဇ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပန်းညို-ကန်လေးကုန်း-မြင်းတဲကြီး ကျေးရွာချင်း ဆက် မြေသားလမ်း ပေ(၂၀) အကျယ် အရှည်(၃)မိုင်ခန့်ကို ကျေးရွာပြည်သူများနှင့် အဝေးရောက်အလှူရှင်များ၏ ထည့်ဝင်ငွေ (၂၉၇၁၀၀ဝိ/-) ကျပ်ဖြင့်လည်းကောင်း၊ မြင်းတဲကြီး-ဗွက်ကျင်း-ဒီးဒုတ်ခင် ကျေးရွာချင်းဆက် မြေသားလမ်းပေ (၂၀) အကျယ် အရှည်(၃) မိုင်ခန့်ကို ကျေးရွာပြည်သူများနှင့် အဝေးရောက် အလှူရှင်များ၏ ထည့်ဝင်ငွေ (၃၁၈၀၀၀ဝိ/-) ကျပ် ဖြင့်လည်းကောင်း ဖောက်လုပ်ပြီးစီးကြောင်း သိရသည်။
“ဦးဇင်းတို့အခုလို ကိုယ့်အားကိုယ်ကိုး ကျေးရွာချင်းဆက်မြေသားလမ်းဖောက်တာက ကိုယ့်ဒေသ လမ်းပန်း ဆက်သွယ် ရေးကောင်းမွန်လာရေးအတွက် ဖောက်လုပ်ခဲ့တာ၊ ဦးဇင်းတို့ ပန်းညို၊ မြင်းတဲကြီး၊ ဒီးဒုတ်ခင်ဆိုတဲ့ရွာတွေက တစ်ရွာနဲ့ တစ်ရွာ သွားရတာနွားလှည်းလမ်းကိုဘဲ အသုံးပြုရတာပါ၊ ပထဝီဝင် မျက်နှာပြင်အရ ညီညာတဲ့မြေသားရှိသလို ရိုးတွေ ချောက်တွေကို ဖြတ်ဆင်းဖြတ်တက် သွားရတာလည်းရှိတော့ အရေးပေါ်ကျန်းမာရေး ကိစ္စအပါအဝင် လူမှုရေး ပညာရေးတွေမှာပါ လမ်းမကောင်းတော့ အဆင်ပြေ သလိုသွားနေကြရတာဖြစ်နေလို့ ဦးဇင်း ဦးဆောင်ပြီး ဒီမြေသားလမ်း တွေဖောက်ထားတာပါ” ဟု အင်ကြင်းတောင် ဆရာတော် ဦးကဝိဓဇက မိန့်ကြားသည်။
မူမူစန်း (နတ်မောက်)