ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာတွင် ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်

ပွင့်ဖြူ      ဇန်နဝါရီ       ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ကျောင်စုကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းအရှည်ပေ ၂၀၀၀ မြေနီ ကျောက်စရစ်လမ်းအား အဆင့်မြှင့်တင် ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၂ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေး မောင်နှင့် ဝန်ထမ်းများ အဖွဲ့သည် ကျေးရွာရပ်မိရပ်ဖများနှင့် အတူ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၂ ဒသမ ၅ သန်းဖြင့် ကျေးရွာတွင်းမှ လယ်ယာစိုက်ခင်းသွားရာလမ်း အရှည်ပေ ၂၀၀၀ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်းခင်းခြင်းနှင့် (၁၅ ပေ × ၅ ပေ × ၅ ပေ )ရှိ Box Culvert တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သတ်မှတ်အတိုင်းအတာ ပြည့်မီမှု ရှိ/မရှိ တိုင်းတာစစ်ဆေးပြီး လုပ်ငန်းအရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူ များအား ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ ကျောက်စရစ်မြေနီလမ်း ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ်ကျောင်းစုကျေးရွာရှိ အိမ်ခြေ(၄၇) အိမ်၊ လူဦးရေ (၂၂၀) ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ဒေသခံတောင်သူများ (နွေ၊ မိုး၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ပြီး လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)