ပန်းတောင်း မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အခြေခံပညာအဆင့်သို့ ကူးပြောင်းနိုင်ရန် ရည်ရွယ်၍ ပန်းတောင်းမြို့ ကြခတ်ရပ်ကွက် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ်စည်ပင်သာယာရေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြခတ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မူလတန်းကြိုပညာရေးသည် ကလေးငယ်များ၏ အနာဂတ်အတွက် အခြေခံအကျဆုံးဖြစ်ကြောင်း၊ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးစည်ပင်စေရန် မိဘ၊ ဆရာ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းပံ့ပိုးပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းတာဝန်ခံ ဒေါ်အေးမြနွယ်က မူလတန်းကြိုကျောင်း၏ သင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ထူးချွန်သော ကလေးငယ်များအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လွင်လွင်ခိုင်၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းတာဝန်ခံ ဒေါ်အေးမြနွယ်၊ ကြခတ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် မူလတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများက တေးသံသာများဖြင့် ကပြဖျော်ဖြေကြရာ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကျောင်းဆင်းပွဲ အခမ်းအနားတွင် သင်တန်းဆင်းလက်မှတ်ရရှိသည့် ကလေးငယ် စုစုပေါင်း (၁၄) ဦးရှိကြောင်းနှင့် ၎င်းကလေးငယ်များသည် လာမည့် ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းများသို့ ဆက်လက်တက်ရောက် ပညာသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)