နတ်မောက် မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်နှင့် အများပြည်သူရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ရာ မြို့ပေါ်ရှိ ကျောင်းသား/သူလေးများက မိမိတို့ကြိုက်နှစ်သက်ရာ ကဗျာခေါင်းစဥ်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူလူငယ်များအား ကာယ၊ ဗလ၊ ဥာဏ၊ စာရိတ္တနှင့် မိတ္တဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း