ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဘာသာရပ်များအားလုံး) စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီး

ပခုက္ကူ မတ် ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များအလိုက် စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်မှစတင်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရာ မကွေး‌‌တိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဘေးကင်းလုံခြုံစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဘာသာရပ်များ အားလုံးဖြေဆိုပြီးစီးကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုရန် အတွင်းဖြေ ကျောင်းသား (၄၁၁)ဦး၊ ကျောင်းသူ (၆၁၆)ဦး၊ အပြင်‌ဖြေ ကျောင်းသား (၁၂၆)ဦး၊ ကျောင်းသူ (၁၃၈) ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ(၁၂၉၁)ဦးရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ဝါဇီ)စာစစ်ဌာန ၂ ခု၌ မတ်လ ၁၁ ရက်မှ စတင်ကျင်းပရာ ပထမနေ့ မြန်မာစာဘာသာတွင် ၁၂၀၅ ဦး၊ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာတွင် ၁၂၀၂ ဦး၊ တတိယနေ့ သင်္ချာဘာသာတွင် ၁၂၀၁ ဦး၊ စတုတ္တနေ့ (ဓာတုဗေဒဘာသာရပ်နှင့်ပထဝီဝင်ဘာသာရပ်)တွင် ၁၂၀၀ ဦး၊ ပဉ္စမနေ့ (ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်)တွင်  ၁၂၀၀ဦး၊ ဆဋ္ဌမနေ့ (ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်)တွင် ၁၂၀၀ ဦး စသည် တို့ဖြင့် အသီးသီးဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန်ပျက်ကွက်သူ ၉၁ ဦးရှိသောကြောင့် ဖြေဆိုမှုရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။

အလားတူ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပခုက္ကူခရိုင်အတွင်းရှိ ရေစကြိုမြို့နယ်တွင် စာရေးသွင်းထားသူ ၃၁၈ ဦးအနက် ၃၀၃ဦး၊ ပေါက်မြို့နယ်တွင် စာရေးသွင်းထားသူ ၁၃၇ ဦးအနက် ၁၁၄ ဦး၊ ဆိပ်ဖြူမြို့နယ်တွင် စာရင်းသွင်းထားသူ ၇၇၆ ဦး အနက် ၇၅၄ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း၊ ခရိုင်ချုပ်‌ဖြေဆိုမှုအနေဖြင့် ၉၄.၀၁ ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးထံက သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာနဲ့ ဘေးကင်းလုံခြုံစွာဖြေဆိုပြီးစီးနိုင်ရေးအတွက် နယ်မြေခံတပ်နယ်မှ ခေတ္တတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဗညားသူရှိန်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူး၊ အခြေခံပညာကျောင်းရှိ ဆရာ ဆရာမများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက စာစစ်ဌာနနှင့်အနီးပတ်ဝန်းကျင်များ၌ ဆူညံသံများမဖြစ်ပေါ်စေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး၊ မီးဘေးအန္တရာယ်ကင်းဝေး‌‌ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)