မုဒုံ ဇန်နဝါရီ ၁၂
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကော့ခိုက်ကျေးရွာအုပ်စုတွင် တစ်ပိုင်တစ်နိုင် မေမြို့ပန်း စိုက်ပျိုးရောင်းချသူများ ပုံမှန် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့မေမြို့ပန်းပျိုးပင်များက တစ်လကြာပျိုးထားပြီး စစိုက်သည့် အချိန်မှနှစ်လ အကြာတွင် နုတ်ယူ ရောင်းချလို့ရပါတယ်၊ အခုပန်းပင်နှစ်သောင်းခန့်ကို စိုက်ပျိုးကုန်ကျစရိတ်ငွေ တစ်သိန်းခွဲခန့်ရှိပြီးတစ်နေ့လျှင် တစ်သောင်းကျော်ရရှိပါတယ်၊ လက်တစ်ဆုပ်အရွယ်ပန်းစည်း တစ်စည်းကို ဖောက်သည်စျေးနှုန်း (၈၀၀) ကျပ်ရရှိပြီး မိုးတွင်းကာလမှာ ပန်းပင်များ စိုက်ပျိုးရာတွင် ပန်းပင်များကို အမိုးမိုးရသောကြောင့် ကုန်ကျစရိတ်များတဲ့အခါ နည်းနည်း တော့ အမြတ်နည်းပါတယ်၊ နွေရာသီကာလမှာလည်း ရေရှားပါးသည့် ပြသနာကြောင့် ပန်းပင်များကို နည်းနည်းဘဲ စိုက်ပျိုးပါတယ် ယခုလိုအချိန်မှာ ဘဲပန်းကအထွက်များပြီး စိုက်ရတာ အဆင်ပြေပါတယ်လို့” အဆိုပါ ကျေးရွာနေ ပန်းစိုက်တောင်သူ ဦးဝင်းဌေးက ပြောသည်။
မုဒုံမြို့နယ် ကော့ခိုက်ကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးလုပ်ငန်း၌ ပန်းများကိုအဓိကစိုက်ပျိုး လျက်ရှိပြီး မေမြို့ပန်းများ၊ ဂန္ဓမာပန်းများ၊ ရွှေဝါပန်းများ စသည့် ပန်းမျိုးတို့ကို မိမိတို့၏ ခြံဝင်း လယ်ယာမြေများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)