လှိုင်းဘွဲမြို့နယ် ရေဘုတ်ရေလှောင်တမံမှ စိုက်ပျိုးရေများ ဖြန့်ဝေပေး

ဘားအံ မတ် ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စုအတွင်းရှိ ရေဘုတ် ရေလှောင်တမံမှ နွေစပါးစိုက်ခင်းများနှင့် နွေသီးနှံများ၊ စားဖိုဆောင်သီးနှံ စိုက်တောင်သူများအတွက် စိုက်ပျိုးရေများကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရေဘုတ်ရေလွဲဆည်မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးခဲ့ကြောင်း လှိုင်းဘွဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးထံမှ သိရသည်။

လှိုင်းဘွဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ နွေပါးနှင့် နွေသီးနှံများ အချိန်မီစိုက်ပျိုးထွန်ယက်နိုင်ရေးအတွက် နှစ်စဉ်ရေဘုတ်ရေလွဲဆည်မှ  ဆည်ရေများကို ရေဘုတ်ရေလှောင်တမံတူးမြောင်းမကြီးမှတစ်ဆင့် ထီလုံ၊ သပုထို၊ နောင်သငဲ့၊ သမ္ဘာန်၊ ရွာသာအေး စသည့် ကျေးရွာများရှိ ဆည်ရေသောက်စိုက်ဧကစုစုပေါင်း ၁၄၆၈ ဧကကို စိုက်ပျိုးရေများ ပေးဝေလျက်ရှိသည်။

ရေဘုတ်ရေလှောင်တမံကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး  အမြင့် ၄၆ ပေ၊ အလျား ၁၇၇၂၀ ပေ၊ ကန်ရေပြည့်ရေပြင်ကျယ်ဧရိယာ ၂၅၃၄ ဧကရှိသော မြေသားတမံအမျိုးအစားဖြစ်ပြီး ဆည်ရေ သောက်စနစ်အနေဖြင့်  ၆ ဒဿမ ၂၅ မိုင်အရှည်ရှိ တူးမြောင်းမကြီး (၁) ခု၊ ၁၅ ဒဿမ ၅၂ မိုင်အရှည်ရှိ လက်တံမြောင်း (၆) ခု၊ ၁၀ ဒဿမ ၇၈ မိုင်အရှည်ရှိ တိုက်ရိုက်ရေပေးမြောင်း (၂၁) ခုတို့ဖြင့် ဆည်ရေများကို ဖြန့်ဝေပေးလျက်ရှိသည်။

ရေဘုတ်ရေလှောင်တမံမှ ဆည်ရေများကိုအသုံးပြု၍ ဒေသနေတောင်သူများက နွေစပါး၊ ပဲမျိုးစုံ၊ဖရဲ၊ ငရုပ်၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ ဟင်းသီး၊ ဟင်းရွက်များကို စိုက်ပျိုးထုတ်လုပ်ရောင်းချနေကြကြေင်း ထီလုံစံပြကျေးရွာမှ နွေစပါးစိုက်ပျိုးနေသည့် တောင်သူ ဦးစောအောင်ဝင်းက ရှင်းပြခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)