ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဌာနဆိုင်ရာ များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
ဆွေးနွေးပွဲသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၊ မြို့နယ်စီမံကိန်း ရေးဆွဲ အကောင် အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်း အတွင်းရေးမှူး ဦးဝင်းသိန်း၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီ အတွင်းရေးမှူးက ယခင်လ ဆွေးနွေးပွဲ ဆုံးဖြတ်ချက် များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဆိပ်ကြီးခနောင်တို မြို့နယ် နှင့် ဒလမြို့နယ် ချင်း ဆက်သွယ် တည်ဆောက်မည့် တွံတေးတူးမြောင်းကူးတံတား တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ မြို့နယ်အတွင်း ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြား သည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး မြို့နယ် စီမံကိန်းဦးစီးမှူးက ဘတ်ဂျက် ခွင့်ပြုငွေအရ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဌာနဆိုင်ရာနှင့် ရပ်ကွက်များအလိုက် ဘတ်ဂျက် ခွဲဝေခွင့်ပြုမှု အရ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထား၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ၊ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များ၊ မြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အားပြည့်ဝစွာရရှိရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဌာန ဆိုင်ရာ ရုံးအဆောက်အဦးသစ်များ ဆောက်လုပ် ပြီးစီးမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေး အခြားလုပ်ငန်းများ ဆောင်ရွက် နေမှု တို့အား အလှည့်ကျ ရှင်းလင်းတင်ပြရာလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီ အတွင်းရေးမှူးတို့က ပေါင်းစပ် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)