ခရမ်းမြို့နယ်တွင် သီးထပ်စိုက်ပျိုးထားသော ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ခင်းအား ကွင်းဆင်းစစ်ဆေး

ခရမ်း  ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မြို့မနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေ အတွင်းရှိ တောင်သူများ၏ လယ်ယာမြေ ကွက်တွင် သီးထပ်စိုက်ပျိုးထားသော ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ခင်းအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ခရမ်းမြို့နယ် စိုက်ပျိုးရေး ဦးစီး ဌာနမှူး  ဦး‌ဌေးမောင်နှင့် ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်းရှိ ပဲတီစိမ်းစိုက်ခင်းနှင့် အခြားသီးနှံစိုက်ခင်းမျာအတွင်း  ဓာတုသုံးစွဲမှု လျော့ချ နိုင်ရေး၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနိုင်ရေး၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝ ဓာတ်မြေဩဇာများကို ဒေသခံတောင်သူများ ကိုယ်တိုင်ပြုလုပ် သုံးစွဲတတ် စေရေး၊ ဆောင်းသီးနှံ တိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံလျာထားချက်ပြည့်မှီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်းများက သက်ဆိုင်ရာနည်းပညာပေး စင်တာနယ်မြေအလိုက် ကြီးကြပ်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း သိရှိရ သည်။

ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများအတွင်းတွင် သီးထပ်၊ သီးညှပ် စိုက် ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွား လာအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဒေသခံတောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်  မိမိတို့စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့စိုက်ပျိုးထားရှိသော စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခေတ်မီ စိုက်ပျိုးရေး နည်း စနစ်များကို လေ့လာနိုင်ရန် သက်ဆိုင်ရာ နည်းပညာပေး စင်တာနယ်မြေအတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန်  လိုအပ်ပါကြောင်း  ခရမ်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦး‌ဌေးမောင်က ပြောပြခဲ့ပါသည်။

ကိုမင်း (ခရမ်း)