သံတောင်ကြီး မတ် ၁၉
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အများအားဖြင့်စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ပြီး အသက်မွေးကြသော်လည်း ယခုအချိန်တွင်ဝက်များ ဈေးကောင်းရရှိလာသည့်အတွက် တစ်ပိုင်တစ်နိုင်ဝက်မွေးခြင်းလုပ်ငန်းများပိုမိုဆောင်ရွက်လာကြကြောင်းသိရသည်။
“ကျွန်မ မနှစ်ကအိမ်မှုကိစ္စတွေနဲ့အချိန်ကုန်ပြီး ဝင်ငွေမရှိတာနဲ့ တစ်ပိုင်တစ်နိုင် ဒေသဝက်သားပေါက်(၂)ကောင် စမ်းမွေး ကြည့်ပါတယ်။ ဝက်တွေကိုလည်းသေချာဂရုစိုက်ပြီး အစာစားချိန်၊ ရေချိုးချိန်၊ ကာကွယ်ဆေးထိုးပေး ရမယ့်အချိန်၊ ဝက်နာမကျအောင် သေချာဂရုစိုက်ပြီး မွေးတာ(၈)လလောက်ကြာတော့ ဝက်တစ်ကောင် အချိန်(၆၅) ပိဿာလောက်ရှိလာပါ တယ်။ ဝက်နှစ်ကောင်မွေးတာ(၈)လကြာတော့ အမြတ်ငွေ(၁၀)သိန်းခန့် ရရှိပါတယ်။ ဒါကြောင့်ဒီနှစ် တစ်ပိုင်တစ်နိုင်ထက် စီးပွားဖြစ်ဝက်မွေးမှာဖြစ်ပါတယ်။ ယခုဝက်သားတစ်ပိဿာ ကျပ်(၃၅၀၀၀)ရရှိတဲ့အတွက် အိမ်မှုတာဝန်ယူနေတဲ့ အမျိုးသမီးများကိုလည်း ဝက်မွေးခြင်းလုပ်ငန်းဆောင်ရွက်စေလိုပါတယ်” ဟု ဝက်မွေးမြူလုပ်ကိုင်သူ ဒေါ်နော်ဉမ္မာထံက သိရသည်။
နော်နော်မူ