မင်းဘူး မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ (၁၃၈၇) ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က (၁၃၈၇)ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို မင်းဘူး(စကု)လမ်း ဦးဩဘာသခန်းမရှေ့၌ ဆောက်လုပ်ပြီး၊ ယိမ်းအဖွဲ့အကပြိုင်ပွဲများ၊ ရွှေယဉ်မွန်တေးဂီတဖျော်ဖြေရေး အစီအစဉ်များဖြင့် ပြည်သူများ ပျော်ရွှင်ချမ်းမြေ့ပြီး၊ ပျော်ရွှင်စွာ သင်္ကြန်ပွဲတော်ဆင်နွဲနိုင်ရန် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင်များက ရေကစားမဏ္ဍပ်တွင် စတုဒိသာကျွေးမွေးရေး လုပ်ငန်းစီမံချက်များနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သံဃာတော်များမှ မြို့တွင်းအန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်နိုင်ရန်နှင့် သက်ကြီးဘိုးဘွားများ ကန်တော့နိုင်ရေးအစီအစဉ်များကိုပါ အသီးသီးဆွေးနွေးပြောကြားပြီးနောက် မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)