ကျွန်းလှ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော နှမ်းစိုက်ဧကအားလုံးရိတ်သိမ်းပြီး တင်း ၂၃၀၄၈၈ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဒီနှစ်ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် နှမ်းသီးနှံစိုက်ပျိုးဖို့ ၁၄၀၃၃ ဧကလျာထားပြီး ၁၄၀၃၇ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခုအခါ စိုက်ဧကအားလုံးရိတ်သိမ်းပြီး တစ်ဧကလျှင် ၁၆ ဒသမ ၄၂ တင်းထွက်ရှိပါတယ်။ စိုက်နည်းစနစ်မှန်ကန်ဖို့နဲ့ စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းအသိပညာပေးခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီကပြောသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ ၁၄၂၄၅ ဧက၊ နှမ်း ၁၄၀၃၇ ဧက၊ နေကြာ ၁၂၃၁ ဧက၊ ပန်းနှမ်း ၅၃၁၅ ဧက၊ မုံညှင်းစေ့ ၄၅၂ ဧက စုစုပေါင်း ၃၅၂၈၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မျိုးဝင်းညို ကျွန်းလှ