ရေနံချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း ဆောင်ရွက်

ရေနံချောင်း မတ် ၁၉

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပူးပြင်းခြောက်သွေ့သည့် ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းကို ယမန်နေ့က ရေနံချောင်းမြို့မဈေးကြီး၌ ဆောင်ရွက်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်များကို ရေးဆွဲဆောင်ရွက်ထားကြောင်း၊ “မီးဘေးရှောင် မလောင်ခင်တား” ဆိုသည့်အတိုင်း မီးလောင်မှုမဖြစ်ပွားစေရေး ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်းစီက မီးကိုသတိပြုသုံးစွဲကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဇော်ဇော်အောင်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ချစ်ဆုအိမ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်တို့က မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရန်ရှောင်ရန်အချက်များကို အသီးသီးအသိပညာပေး ဟောပြောဆွေးနွေးသည်။

ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မြို့မဈေးကြီးရှေ့တွင် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းနှင့် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခြင်းများ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး