ဘားအံ မတ် ၁၉
ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ဘားအံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကို မတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်စခန်း၌ ကျင်းပသည်။
ဘားအံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ ရင်ဘောင်တန်း ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် တိုးတက်မြင့်မားစေရန်၊ နိုင်ငံတကာ၌ ကျင့်သုံးနေသော အသက်ကယ်လုပ်ငန်းစဉ်နှင့် နည်းစနစ်များအား သိရှိနားလည်ကျွမ်းကျင်တက်မြောက်ပြီး မိမိနေထိုင်ရာ ဒေသကို အကျိုးပြုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးကျော်ကျော်က ကရင်ပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံမှုများတွင် သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်နိုင်စေရေးနှင့် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သဘာဝဘေးဖြစ်ပွားပါက ကရင်ပြည်နယ်မှ သန္ဓေ၊ အရန်ပူးပေါင်းအဖွဲ့များ သွားရောက်ကူညီနိုင်ရေးအတွက် သင်တန်းသားများအနေဖြင့် ယခုသင်တန်းတွင် သင်ယူခဲ့သည့် ရှာဖွေကယ်ဆယ်ရေးအတက်ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာအား ထုတ်သွားကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါသင်တန်းကို မတ်လ ၁၈ ရက်နေ့မှ ၃၁ ရက်နေ့ ထိ ရက်သတ္တပတ်(၂)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကာ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)