ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ် ပညာရေးမှူး ဒေါ်ခင်တိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း (ပခုက္ကူ)က “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာချောင်းဆုံမျိုးချစ်က “လူငယ်နှင့်စိတ်ထားကောင်းမွန်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာအောင်ဝင်း (မျိုးချစ်သူ-ရေစကြိုသား)က “စာ‌ပေဖတ်ရှုလေ့လာခြင်း‌ကြောင့် အောင်မြင်တိုးတက်သော မျိုးဆက်သစ်လူငယ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့နယ် ပညာ‌ရေးမှူး၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စာဆိုပညာရှင်များ၏ စာဖတ်ခြင်းအကျိုး‌ကျေးဇူးများဆိုင်ရာဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ ကျောင်းသား ကျောင်းသူများ ဖတ်ရှုလေ့လာသင့်သော သုတရသစာအုပ်စာစောင်များ စနစ်တကျခင်းကျင်းပြသခြင်း၊ ငှားရမ်းဖတ်ရှုစေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)