ပန်ဆောင်မြို့၌ မူကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပ

ပန်ဆောင် မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းအနေဖြင့်ဖွံ့မှု ၅ ရပ်ဖြစ်သည့် ကာယဖွံ့ဖြိုးမှု၊ ဉာဏဖွံ့ဖြိုးမှု၊ စာရိတ္တဖွံ့ ဖြိုးမှု၊လူမှုဆက်ဆံရေးနှင့် စိတ်လှုပ်ရှားမှုပိုင်ဆိုင်ရာ ဖွံ့ဖြိုးမှုများကို မူလတန်းကြို သားငယ်၊ သမီးငယ်များအား ပြုစုပျိုးထောင်သင်ကြားပေးခဲ့ရာ သင်ယူပြီးမြောက်ကြောင်း ကျောင်းဆင်း ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ဆုချီးမြှင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာမြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးယန်းဝါးက အဖွင့်အမှာစကားပြောကြားပြီး မူလတန်းကြိုကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာမဒေါ် ဆိုင်းလိန်က သားငယ်၊ သမီးငယ်များအား ပြုစုပျိုးထောင်သင်ကြားပေးနေမှု အခြေအနေများကိုပြောကြားကာ ကျောင်းသားမိဘ ဒေါ် မန်ဆောမ်ငိုက်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် သားငယ်၊ သမီးငယ်များအား စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးကာ ဖွံ့ဖြိုးမှု ၅ ရပ်သင်ယူပြီးမြောက်ကြောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များနှင့် စွမ်းရည်ပြိုင်ပွဲအသီးသီး အတွက် ထူးချွန်ဆုများကိုတာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ သားငယ်၊ သမီးငယ်များက အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့ဌာနဆိုင်ရာ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)