ပဲခူးမြို့နယ်၌ လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူး မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ပဲခူးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလတွင် မွန်တိုင်းရင်းသားစာပေ သင်ကြားနေကြသည့် ကျောင်းသားလူငယ်များအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မူလွန် (ကျိုက်ပေါ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်ခိုင်ဝေက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဇင်က ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်၊ စာဖတ်ခြင်းအပြင် မိမိအတွက်အကျိုးရှိမည့် သင်တန်းများကို တက်ရောက်ကာ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ စာဖတ်ခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်းစသည့် သိသင့်သိထိုက်သည်များကို ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်၊ စာစောင်များကို ဖတ်ရှုစေခြင်းနှင့် လူငယ်နှင့်စာဖတ်ခြင်း အကျိုးသိမှတ်စရာအဆိုအမိန့်များ၊ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ထက်အောင်လင်း (ပြန်/ဆက်)