ကျောက်ကြီး မတ် ၂၀
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံညွှန်ကြားမှုအရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင် မေးခိုင်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးလုပ်ငန်းတွင် မွေးကင်းစ အသက် (၂) လမှ အသက် (၃) နှစ်အောက် ကလေးများအား (၅) မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး စသည့်ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအား ဆောင်ရွက်ပေးလျှက်ရှိပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ဆောင်ရန်/ ရှောင်ရန်များနှင့် ကိုယ်ဝန်ဆောင် မိခင်များမွေးဖွားရာတွင် အခက်အခဲမရှိစေရန် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများအလိုက် တာဝန်ထမ်းဆောင်နေသည့် သားဖွားဆရာမများနှင့် ချိတ်ဆက်ထားရေးတို့ကို အသိပညာပေးပြောကြားခြင်း၊ ကိုဗစ်ရောဂါကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင်မေးခိုင်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသူများအား နောက်ရက်များတွင် အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံနေမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက လာရောက်ကြည့်ရူအားပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)