လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

လှိုင်းဘွဲ  မတ်  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီက လှိုင်းဘွဲမြို့(ဃ)ရပ်ကွက် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူကုန်ကူးခြင်းခံရနိုင်သည့် အကြောင်းအရာများ၊ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိအောင် တားဆီးကာကွယ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုးများ၊ လူငယ်များအနာဂတ်လှပရေးအတွက် မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ကြခြင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီက မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်၊ လေဘေးအန္တရာယ်နှင့်မုန်တိုင်းဘေးအန္တရာယ် စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရမည့်အချက်များကို အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် တက်ရောက်လာသော ပြည်သူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိရှိလိုသည်များကို မေးမြန်ခဲ့ကြခြင်း၊ မြို့နယ်ဘေး အန္တရာယ်ဆိုင် စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြန်လည်ဖြေကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသော ပြည်သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)