တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

တံတား မတ် ၂၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ”ကံဆိုသည်မှာ‌စေတနာ” စာအုပ်ဖြင့် ယမန်နေ့ ​နံနက် (၉) နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် (Youth Club) အဖွဲ့ဝင်မလမင်းသူက “ကံဆိုသည်မှာ‌စေတနာ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် စေတနာသည်ကံအမှန်ဖြစ်ပါသည်။ ကံကိုကြိုတင်၍ မမြင်ရပေ။ မိမိပြု‌သောစေတနာ၏ အင်အားအလိုက် ထိုက်သင့်သောကံအကျိုးကို ခံစားရစမြဲဖြစ်ပါသည်။

ထို့ကြောင့် စေတနာကောင်းလျှင် ကံကောင်းသည်ဟူသော စကားကိုယုံကြည်ပါကြောင်း၊ စိတ်ကောင်းစေတနာပါသောအလုပ်များသည် ပြုလုပ်နေစဉ်၊ ပြုလုပ်နေဆဲမှာ ပင်ကြည်နူးဝမ်းသာပီတိအရသာကို ခံစားရပါကြောင်း၊ မိမိတို့သည်တာဝန်ဟူသမျှကို စိတ်ကောင်းစေတနာဖြင့် ထမ်းဆောင်ပါက အမှန်ပင် ကောင်းမှုတစ်ခုပြုလုပ်ခြင်းအတွက် ကောင်းကျိုးချမ်းသာခံစားရပါကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Youth Club) အဖွဲ့ဝင်မချမ်းမြေ့သော်မှ “အတိတ်‌ ခေါင်းဆောင်များမှ အနာဂတ်ခေါင်းဆောင်များသို့“ ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် မြန်မာအများစုသည် မြန်မာနိုင်ငံ၏ ပထဝီသဘောကိုလည်း မသိ၊ ဇာတိနှင့် အစဉ်အလာယဉ်ကျေးမှုတို့ကိုလည်း မသိ၊ နောင်လာနောင်သား လူငယ်များအား စာဖတ်ခြင်းကြောင့် မိမိတို့မမြင်မိသော ရှု့ထောင့်ကမြင်ခွင့်ရနိုင်သည့် အကြောင်းအရာအသိပညာများ ရရှိစေလိုကြောင်း ဆွေးနွေးပြီးနောက် စာပေဝါသနာရှင်များကလည်း စာအုပ်ပါခေါင်းစဉ်များဖြင့် အပြန်အလှန်‌ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်၊ စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသော စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ (ပြန်/ဆက်)