တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ “ဓာတုနည်းစဉ်ဖြင့် ဆီကြမ်းထုတ်လုပ်ခြင်းနှင့် ဆီသန့်စင်ခြင်းစက်ရုံ’’ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဒဂုံဆိပ်ကမ်း မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်မှုဖြင့် Mandalay Global Netword Distribution Co.;Ltd. မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဖွဲနုဆီထုတ်လုပ်သည့် စက်ရုံတွင် “ဓာတုနည်းစဉ်ဖြင့် ဆီကြမ်းထုတ်လုပ်ခြင်းနှင့် ဆီသန့်စင်ခြင်းစက်ရုံ” ဖွင့်ပွဲအခမ်းအနားကို မတ် ၁၈ ရက်နေ့ နံနက် ၈ နာရီက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၄) ရပ်ကွက်၊ ရွှေလီလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ MGND ဖွဲနုဆီစက်ရုံတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ MGND ဖွဲနုဆီစက်ရုံမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ စက်ရုံဆိုင်းဘုတ်အား စက်ခလုပ်နှိတ်၊ အမွှေးနံ့သာရည်များ ပက်ဖြန်းကာ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက စက်ရုံအတွင်း လှည့်လည်ကြည့်ရှု့ကြရာ Mandalay Global Netword Distribution Co.;Ltd မှ CEO ဦးထွန်းထွန်းဝင်းက ဓာတုနည်းစဉ်ဖြင့် ဆီကြမ်းထုတ်လုပ်ခြင်းနှင့် ဆီသန့်စင်ခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ယခုဖွဲနုဆီထုတ်လုပ်သည့်စက်ရုံမှ တစ်လလျှင် ဖွဲနုဆီချောမက်ထရစ်တန်ချိန် (၁၅၀၀) နှင့် တိရစ္ဆာန်အစာ မက်ထရစ်တန် (၂၅၀၀) ထုတ်လုပ်သွားမည်ဖြစ်ပြီး စက်ရုံတွင် တပ်ဆင်အသုံးပြုမည့် စက်ကိရိယာများအား တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းထားခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါစက်ကိရိယာများမှာ အဆင့်မြင့်နည်းပညာများဖြင့် ဆောင်ရွက်နိုင်သည့် နည်းစနစ်များ ဖြစ်သည့်အတွက် အခြားဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲပုတ်များမှတစ်ဆင့် စာသုံးဆီများကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် MGND ဖွဲနုဆီစက်ရုံမှ ထုတ်လုပ်သည့် ဖွဲနုဆီသန့်သည် အရသာနှင့် အနံ့မရှိခြင်း၊ စေးကပ်ချွဲပျစ်မှုမရှိခြင်း၊ Fatty Acid နှင့် Vitamin ဓာတ်များ မြင့်မားစွာပါဝင်သည့်အတွက် အူမကြီးကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ခန္ဓာကိုယ်အဝလွန်သူများ အသည်းအဆီဖုံးရောဂါရှိသူများအတွက် စာသုံးရန်အထူးသင့်လျှော်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဖြိုးစန္ဒာ