မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၆ ခုနှစ် (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ သံလွင်အပန်းဖြေဥယျာဉ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၂၀

၂ဝ၂၆ ခုနှစ် (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို မတ် ၁၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်သည်။

ရှေးဦးစွာ အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ PRIME ကုမ္မဏီမန်နေဂျာမှ မွန်ပြည်နယ်ကြက်ခြေနီအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ပြီး တစ်ဦးချင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆု၊ ဒုတိယဆု၊ ပထမဆုရရှိသူများအားလည်းကောင်း၊ အသင်းလိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆု၊ ‌ဒုတိယဆု၊ ပထမဆုရရှိသူများအားလည်းကောင်း၊ ဖူဆယ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရ၊ ဒုတိယဆု၊ ပထမဆု ရရှိသူများအားလည်းကောင်း၊ (၂) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပူးတွဲတတိယဆု၊ ဒုတိယဆု၊ ပထမဆု ရရှိသူများအားလည်းကောင်း၊ (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ဆုရရှိသူများအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တန်ခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိသံလွင်အပန်းဖြေဥယျာဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာမွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုနှင့် ပက်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်နှင့် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းတို့က သံလွင်အပန်းဖြေဥယျာဉ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာ၊ ပန်းပွား၊ တိုင်းရင်းသားအက အဖွဲ့နှင့် ဖဲကြိုးကိုင်၊ ဗန်းကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး အမှတ်တရစု‌ပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့၍ သံလွင်ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေး၊ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျရှိစေရေး လမ်းညွှန်မှာကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)