ရန်ကင်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို အသိပညာပေးဆွေးနွေး

ရန်ကုန်  ဇန်နဝါရီ  ၁၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသစ်ပြန်လည် ရွေးချယ်မည့် ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ အသိပညာပေး ဆွေးနွေး ခြင်း ကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဥပဒေအရာရှိတို့က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ ရွေးချယ် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေး အဖွဲ့ရွေးချယ်ရေး၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့တွင် ပြည့်စုံရမည့် အရည်အချင်းများ စသည်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး စာရေးများတက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Social Distancing နှင့်အညီ ကျင်းပခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးရုံးမှ သိရသည်။

လင်းလင်းထွန်း(ရန်ကင်း)