ခန္တီး မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များစာအုပ်စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာဖတ်ရှိန်တိုးတက်မြင့်မားလာစေရန်၊ အတွေးအခေါ်မြင့်မားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်နှင့်စာအုပ်စာပေ အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမတွင် မတ်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က “လူငယ်နှင့်စာအုပ်စာပေ” ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ကျောင်းသား/သူများက စိတ်ဝင်တစား နားထောင်ခဲ့ကြပြီး သိရှိလိုသည်များ ကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ပြုလုပ်ရာ မူလတန်းအဆင့် ကျောင်းသား/သူ(၃၀)ဦးတို့က မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်ဖြင့် စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခဲ့ကြပြီး ဉာဏ်စမ်းပဟေဠိ မေးခွန်းများကို ဖြေဆိုယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲဆုရရှိသူများကို စာအုပ်နှင့်ခဲတံ ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)