နတ်မောက် မတ် ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးငယ်များစာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြိုင်ပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား/သူများက သတ်မှတ်ထားသည့် ရုပ်ပုံပါပုံပြင်စာအုပ်များနှင့် ဗဟုသုတဖြစ်ဖွယ်ဆောင်းပါးများကို တစ်ဦးချင်းစီအလိုက် စိတ်ဝင်စားဖွယ် ဖတ်ကြားယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
လှဝင်း