ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ RBF စီမံကိန်းဖြင့် ဆိတ်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

ပွင့်ဖြူ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေဖြင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်း(RBF)ရန်ပုံငွေဖြင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လအလိုက်ဖြည့်သွင်းရမည့်ငွေစာရင်းဇယားပုံစံများ ပြည့်စုံမှန်ကန်မှု ရှိ၊ မရှိတို့ကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF)ဖြင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့လေးဖွဲ့မှ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စံပြကျေးရွာ၌ ဆိတ်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့လေးဖွဲ့ကိုကျေးလက်စီးပွားမြင့်မား ရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေကျပ် သန်း ၃၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၀ သန်း၊ စုစုပေါင်း ရန်ပုံငွေကျပ် ၄၀ အား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားပြီး အသင်းသား၊ အသင်းသူ ၂၀ ဦးမှ ဆိတ်အကောင်ရေ ၃၆ ကောင်  မွေးမြူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)