ငဖဲမြို့နယ်တွင် ဘက်စုံသင်တန်းဆင်းပွဲနှင့် ဆလိုင်းကျော်စိန်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ငဖဲ မတ် ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အရှိုချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုရေးရာအဖွဲ့မှဦးစီးဆောင်ရွက်သော ဘက်စုံသင်တန်းဆင်းပွဲနှင့် ဆလိုင်းကျော်စိန် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပဒါန်းကျေးရွာ အရှိုချင်းစာကြည့်တိုက်ခန်းမတွင် ဆောင်ရွက် သည်။

ရှေးဦးစွာ ငဖဲမြို့ကျောင်းတွင်းရပ်ကွက် ကုန်းမြင့်ရတနာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တသောမစာရက ဩဝါဒစကားမြွက်ကြားပြီး မကွေးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေးက သင်တန်းတွင်သင်ကြားပေးလိုက်သော ရိုးရာလက်မှုပညာများနှင့်မုန့်လုပ်နည်းပညာများကို မိမိနှင့်မိသားစုဘဝလူမှုစီးပွား ဘဝမြင့်မားရေးအတွက် လက်တွေ့လိုက်နာကျင့်သုံးဆောင်ရွက်ရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရေး စာအုပ်စာပေများကို လေ့လာဖတ်ရှုရန်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စာအုပ်စာစောင်များထိန်းသိမ်းနည်း၊ စာစု၊စာပြု၊စာငှားလုပ်ငန်းများနှင့် စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်ဆောင်ရွက်ရမည့် အချက်များကိုအသိပညာပေးပြောကြားပြီး အရှိုချင်းတိုင်းရင်းသား/သူများက ရိုးရာအကဖြင့်ကပြ ဖျော်ဖြေ သည်။

အဆိုပါ ဘက်စုံသင်တန်းတွင် နှီးဖျာတောင်းရက်နည်း၊ အင်္ဂလိပ်စကားပြော၊ အရှိုစာပေ၊ သဘာဝပတ်ဝန်းကျင်နှင့်မြေဩဇာ၊ သဘာဝအပင်အားဆေး၊  ယိုမျိုးစုံလုပ်နည်း၊ ရိုးရာအတီးအကနှင့် ဂျပ်ခုပ်ရက်လုပ်နည်း တို့ကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အရှိုချင်းကျောင်းသား/သူ  ၅၀ ဦး ခန့်အား သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်သည် အလျား ပေ၂၀×၁၅ ပေ သွပ်မိုး၊ တမံသလင်းခင်း အဆောက်အဦဖြစ်ကာ စာအုပ်စာစောင် စုစုပေါင်း ၄၀၀ အုပ် ခန့်ရှိကြောင်း သိရသည်။

မယု(ငဖဲ)