ပန်းတောင်းမြို့နယ်၌ နွေစပါး (၁၄၅၀)ဧက လျာထားစိုက်ပျိုးလျက်ရှိ

ပန်းတောင်း မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများကို ဆည်ရေ၊ မြစ်ရေများအသုံးပြု၍ စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နွေစပါးများကို မြစ်ရေတင်စနစ်ဖြင့်(၆)ခု၊ ဆည်ရေ(၂)ခုတို့ဖြင့် နွေစပါးလျာထားဧက(၁၄၅၀)လျာထားပြီး၊ ယနေ့ထိ(၁၀၂၃)ဧကစိုက်ပျိုးပြီးဖြစ်ရာ လျာထားဧကပြည့်မီရေးအတွက် တောင်သူများမှ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ဒေသခံတောင်သူများသည် ပျိုးထောင်စိုက်ပျိုးခြင်းအပြင် drum seeder (အစေ့ချကိရိယာ) အသုံးပြု၍ စိုက်ပျိုးခြင်းများကိုလည်း ကျယ်ပြန့်စွာ အသုံးပြုစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ထို့နောက် drum seeder ဖြင့် စိုက်ပျိုးခြင်းသည် အချိန်နှင့်လုပ်အားကိုလျော့နည်းစေပြီး မျိုးစေ့ဖြန့်ချိမှုကို တိကျမှန်ကန်စေသည့်အတွက် လယ်ယာထုတ်လုပ်မှုတိုးတက်လာစေရန် အထောက်အကူပြုနေကြောင်း တောင်သူများထံမှသိရသည်။

ထို့ပြင်ဆည်ရေနှင့်မြစ်ရေများကို ထိရောက်စွာအသုံးချနိုင်ခြင်းကြောင့် နွေစပါးစိုက်ပျိုးဧရိယာများ တိုးချဲ့လာပြီး ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါသောအခန်းကဏ္ဍတစ်ရပ် ဖြစ်ကြောင်းသိရသည်။ စိုက်ပျိုးရေးဦးစီးဌာနတို့မှလည်း နည်းပညာပံ့ပိုးမှုများပေးလျက်ရှိပြီး နွေစပါးထွက်ရှိမှုတိုးတက်လာစေရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)