ပုဇွန်တောင်မြို့နယ်ရှိ မြန်မာပိတောက် (MP) ကုမ္ပဏီရုံးတွင် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ပုဇွန်တောင် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကုမ္မဏီများ၊ ဈေးများနှင့် ဒေသခံပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉:၃၀ နာရီ အချိန်က မြန်မာပိတောက် (MP) ကုမ္ပဏီရုံးတွင် မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ်မဖြစ်အောင် စနစ်တကျကိုင်တွယ်အသုံးပြုနည်းများ၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းစနစ်များ မီးလောင်မှုဖြစ်ပါက မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့သွားရန် စသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သန်းဌေးက ဆွေးနွေးပြောကြားကာ သရုပ်ပြလေ့ကျင့်ခြင်းများ လက်တွေ့သရုပ်ပြခဲ့ပြီး မြန်မာပိတောက် (MP) ကုမ္ပဏီ ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းနည်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟန်စုယဉ် (ပြန်/ဆက်)