မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် 33th SEA Game နှင့် 13th ASEAN Para Games ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီးဂုဏ်ဆောင် အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မကွေး မတ် ၂၀

33th SEA Game နှင့် 13th ASEAN Para Games တွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီးဂုဏ်ဆောင် အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး အားကစားအောင်နိုင်ရေးကော်မတီဝင်များ၊ အားကစားနည်းအလိုက် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးဂုဏ်ကို အားကစားဖြင့် ဖော်ဆောင်နိုင်ခဲ့သည့်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊  (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု ကစားသမားများမှ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ် (၄) ခု၊ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး နိုင်ငံ့ဂုဏ်နှင့် မကွေးတိုင်းဒေသကြီး၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးခဲ့ကြသည့်အတွက် အားလုံး၏ စွမ်းဆောင်မှုတွေကို မှတ်တမ်းတင်ဂုဏ်ယူပါကြာင်း၊ SEA Games ပြိုင်ပွဲသည် အာဆီယံနိုင်ငံများအတွင်း ဂုဏ်သိက္ခာ အားကစားပြိုင်ပွဲတစ်ခုဖြစ်သကဲ့သို့ အာဆီယံနိုင်ငံများ၏ အမြင့်ဆုံးအားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲ၊ နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်းကို တိုင်းတာသည့် အားကစားပြိုင်ပွဲကြီးတစ်ခုဖြစ်သည့်အတွက် ယခုတိုင်းဒေသကြီးဂုဏ်ဆောင်နည်းပြနှင့် အားကစားမောင်မယ်များအနေဖြင့် နောင်လာမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်လည်း ဆက်လက်အောင်မြင်မှုများရရှိအောင် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓါတ်တို့ဖြင့် ယခုထက်ပိုမို အားထုတ်ကြိုးပမ်းသွားကြရန် အထူးအလေးနက်ထား တိုက်တွန်းလိုကြောင်း၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိခဲ့ကြသည့် ကစားသမားများအနေဖြင့် မဆုတ်မနစ်သောကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် အဖွဲ့လိုက် စည်းလုံးညီညွတ်မှုတို့ဖြင့် ထူးချွန်သော အောင်မြင်မှုများကို အနာဂတ်ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိအောင် ဆက်လက်ထိန်းသိမ်းနိုင်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုရ ကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၈၀)ကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ သူလေးများက Physical Fitness Dance နှင့် ဝူရှူး အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ပြီး ဆုရကစားသမားများကိုယ်စား ကစားသမားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က Physical Fitness Danceနှင့် ဝူရှူးအားကစားဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။

အရှေ့တောင်အာရှ 33th Sea Games နှင့် 13th ASEAN Para Games ပြိုင်ပွဲများတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် ရိုးရာခြင်းကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ဘော်လီဘောကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ကနူး(လှေလှော်)ကစားနည်းမှ ငွေတံဆိပ် (၃)ခု၊ စနူကာ ကစားနည်းမှ ကြေးတံဆိပ် (၁)ခု၊ ပိုက်ကျော်ခြင်းကစားနည်းမှ ကြေးတံဆိပ် (၁)ခု၊ အပြည်ပြည်ဆိုင်ရာလှေလှော်ကစားနည်းမှ ငွေတံဆိပ် (၁)ခု၊ ကြေး (၁)ခု၊ ပြေးခုန်ပြစ်ကစားနည်းမှ ရွှေ (၆)ခု ၊ ငွေ (၃)ခု ၊ကြေး(၂)ခု၊ စစ်တုရင်ပြိုင်ပွဲတွင် ကြေး(၁)ခု ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကြေး (၁)ခု စုစုပေါင်း ရွှေတံဆိပ် (၈) ခု၊ ငွေတံဆိပ် (၇) ခု၊ ကြေးတံဆိပ် (၇) ခုရရှိခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)