မရမ်းကုန်းမြို့နယ်၌ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

မရမ်းကုန်း မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) မှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၁/၂၀၂၆) ကို ပြန်လည်ထူ‌ထောင်ရေးဦးစီးဌာနသင်တန်းခန်းမ၌ မတ်လ ၁၆ ရက်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်အောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လေလွင့်ဆုံးရှုံးနေရတဲ့ လူသားအရင်းအမြစ်စွမ်းအားများကို နိုင်ငံ့အတွက်စွမ်းရည်စုများအဖြစ် ဆောင်ရွက်ပေးနိုင်ရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ယခုလို သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ၊ ဦးစံရှိန်က နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသော အရပ်ဘက်အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းများအား ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အတွက် ပံ့ပိုးငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၄၀) ဦးဖြင့် မတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၄) ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)