လမ်းမတော် မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင် ၊ လမ်းမတော်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ဝါသနာကို အကောင်အထည်ဖော်နိုင်စေရန်၊ မိမိတို့ အားလပ်ချိန်များတွင် အတတ်ပညာတစ်ခုခုကို လေ့လာမှတ်သားခွင့် ရရှိသည့်အတွက်များစွာ အကျိုးရှိပါကြောင်းနှင့် ပန်းချီဆွဲခြင်းသည် ကလေးများ၏ စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာဖော်ထုတ်ခွင့်ပေးခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိသည်တို့ကို ပြောကြားပြီး သင်တန်းနည်းပြ ပန်းချီဆရာ ချစ်ဝန်းအောင်က ဆုများ ရွေးချယ်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့် ပေးအပ်ခြင်း၊ သင်တန်းနည်းပြဆရာအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီးနောက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားရှိသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ နွေရာသီပန်းချီရေးဆွဲနည်းသင်တန်းကို အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးခန့် တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ (၃) ရက်နေ့မှ (၃) ပတ်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)