မင်းဘူး မတ် ၂၁
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက် မြင့်မားစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေး တောင်သူနည်းပညာပေး သင်တန်းကို မတ် ၂၀ ရက် နံနက်ပိုင်းက မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၊ ဥယျာဥ်ဇင် ကျေးရွားအုပ်စု သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူပညာပေးသင်တန်းကျောင်း၌ ကျင်းပသည်။
သင်းတန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး ဝန်းထမ်းများနှင့် ဒေသခံတောင်သူများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြေနိမ့်ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်သည့်နည်းပညာနှင့် မျိုးစေ့ပျိုးပင်များကိုဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသား တောင်သူများအား မြေနိမ့်ကော်ဖီ ပျိုးပင်များ ပေးအပ်သည်။
ဆက်လက်ပြီး သင်တန်းနည်းပြ အရာရှိများနှင့် နတ်ရေကန်ကော်ဖီခြံ တာဝန်ခံတို့မှ ကော်ဖီစိုက်ပျိုးနည်းပညာ ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား တောင်သူများ၏ သိရှိလိုသော စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးမေးမြန်ချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း၊ အဆိုပါ မြေနိမ့်ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးရေး တောင်သူနည်းပညာပေး ရက်တိုသင်တန်းတွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး (စကု)၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်၊ သရက်ခရိုင် မင်းလှမြို့နယ်တို့မှ ဒေသခံ တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်း သင်တန်းသား စုစုပေါင်း ၁၂၁ ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)