ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပထမအကြိမ် နှစ်ဦးအထူးတရားပွဲ ဓမ္မပူဇာသဘင် (၆)ရက်တိုင်တိုင် ကျင်းပသွားမည်

ဒဂုံဆိပ်ကမ်း မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယုဇနဥယျာဉ်မြို့တော် အမှတ်(၉၄)ရပ်ကွက်လုံးဆိုင်ရာ ပထမအကြိမ် နှစ်ဦးအထူးတရားပွဲ ဓမ္မပူဇာသဘင်ကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ညစဉ် ၇ နာရီအချိန်တွင် ကံ့ကော်လမ်းမကြီးနှင့် ၁၄ လမ်းထောင့်၊ အိမ်ရာကော်မတီရုံးရှေ့တွင်  ၆ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်ဦးအထူးတရားပွဲ ဓမ္မပူဇာသဘင်အား အမှတ်(၉၄)ရပ်ကွက်တွင် ယခုနှစ်မှစ၍ ပထမအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ရာ မတ်လ ၃၁ ရက်နေ့တွင် အောင်သုခပရိတ္တိစာသင်တိုက်ဦးစီးပဓာန နယကဆရာတော် သာသနတက္ကသီလဓမ္မာစရိယ ဘဒ္ဒန္တ စန္ဒိမာဝံသမှလည်းကောင်း၊ ဧပြီလ ၁ ရက်နေ့တွင် မြန်မာပြည်အရပ်ရပ်ရှိ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာန မဟာနာယကချုပ် အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာဓမ္မကထိကဗဟာဇနဟိတဓရ ဓမ္မရံသီဆရာတော် ဘဒ္ဒန္တသုနန္ဒမှလည်းကောင်း၊ ဧပြီလ ၂ ရက်နေ့တွင် သာသနာပြုနယ်လှည့်ဓမ္မကထိက၊ ဂန္တဝါစကပဏ္ဍိတ သဒ္ဒမ္မဇောတိကဓဇ၊ (စစ်ကိုင်းရွှေဟင်္သာ)နိုင်ငံတော်ကိုးဘွဲ့ရဆရာတော် အရှင်အာစာရလင်္ကာရ မှလည်းကောင်း၊ ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် ဆယ်ဘွဲ့ရ ထပ်ဆင့်ပါဠိပါရဂူ ဆရာတော် အရှင်နရသာဓီလင်္ကာရမှလည်းကောင်း၊ ဧပြီလ ၄ ရက်နေ့တွင် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဘွဲ့တံဆိပ်တော်ရ ရတနာမာရ်အောင် တောရဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒမှလည်းကောင်း၊ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ကမ္မဌာနာစရိယ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ပြည်တွင်း၊ ပြည်ပသာသနာပြုဓမ္မကထိက၊ ရွှေသံလျင်သာသနာ့ရိပ်သာများ၏ ပဓာနနာကဆရာတော်မှလည်းကောင်း တရားတော်များ ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)