မင်းဘူး မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကျောက်စံနှင့် ကန်းနီလျှပ်စစ်ရေတင် စီမံကိန်းများဖြင့် နွေစပါးဧက ၃၅၀ အတွက် ရေပေးဝေစိုက်ပျိုးနေပြီဖြစ်ကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တာဝန်ခံအရာရှိ ဦးစိုးညွန့်လင်းထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ဒေသခံတောင်သူများက ဆည်ရေသောက်ဧရိယာများ၊ အစိုးရဆည်တမံများ၊ လျှပ်စစ်ရေတင်စီမံကိန်းများ၊ မြေအောက်ရေစုပ်တင်ခြင်းများ စသောရေရရှိရေး နည်းလမ်းများဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ၂၀၂၆-၂၀၂၇ နွေစပါးစိုက်ပျိုးရာသီတွင် ကျောက်စံနှင့်ကန်းနီ လျှပ်စစ်ရေတင်စီမံကိန်းနှင့် ဆိုလာဓာတ်အားပေးစနစ် ရေတင်ခြင်းများဖြင့် နွေစပါး ဧက ၃၅၀ လျာထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်မှ ဒေသခံတောင်သူများ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးတို့အတွက် လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးစီမံကိန်းတို့မှ နွေစပါးများ စိုက်ပျိုးလျက်ရှိရာ ကန်းနီဆိုလာလျှပ်စစ်နှင့် မြစ်ရေတင်စီမံကိန်းမှ ဧက ၁၅၀ ကို ဖေဖော်ဝါရီ ၁ ရက်တွင်လည်းကောင်း၊ ကျောက်စံ ဆိုလာလျှပ်စစ် ရေတင်စီမံကိန်းမှ ဧက ၂၀၀ ကို ဖေဖော်ဝါရီ ၁၅ ရက်က ရေများပေးဝေ စိုက်ပျိုးနေပြီဖြစ်ကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)မှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)