မော်လမြိုင် မတ် ၂၁
၂၀၂၆ခုနှစ် မတ် ၂၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ၂၀၁၂ ခုနှစ်က စတင်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက သစ်ပင်၊ သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေဖို့၊ ကမ္ဘာနှင့်အဝန်း အမျိုးအစားစုံလင်တဲ့ သစ်တောဂေဟစနစ်များရဲ့ အရေးပါမှုကို ပိုမိုသိရှိနားလည်နိုင်ဖို့နဲ့ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး နှစ်စဉ် မတ် (၂၁) ရက်ကို သတ်မှတ်ပေးခဲ့ကြောင်း၊ သစ်ပင်သစ်တောများက နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း အချက်အလက်များနဲ့ဖော်ပြရရင် ကမ္ဘာ့ကုန်းနေဇီဝမျိုးစုံမျိုးကွဲ ၈၀ ရာခိုင်နှုန်း၏ ခိုလှုံရာဖြစ်ပြီး သစ်ပင် မျိုးစိတ်ပေါင်းခြောက်သောင်းကျော်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ကျင်းပဆောင်ရွက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအစီအစဥ်တစ်ရပ်အနေဖြင့်သာ ကျင်းပခြင်းမဟုတ်ဘဲ နိုင်ငံသားများက သစ်တောများ၏ စားရေရိက္ခာဖူလုံစေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခြင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက် အရေးပါပုံကို သိမြင်နားလည်လက်ခံပြီး သစ်တောစီမံအုပ်ချုပ်ရေးလုပ်ငန်းများမှာ စိတ်အားထက်တန်စွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များမှ ရရှိသည့် အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး ရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန် ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗီဒီယိုကို ပြသသည်။ ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော နံရံကပ်ပိုစတာများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်ပြန်/ဆက်