ပွင့်ဖြူ မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ခြောက်သီးနှံ ၉၂၀ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ငရုတ်ခြောက် ၁၂၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ အဆိုပါ ငရုတ်သီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ဒီဇင်ဘာလမှ စတင်ဆွတ်ခူးသိမ်းဆည်းခဲ့ရာ ယနေ့တွင် ၉၂၀ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၇၁၁ ပိဿာ ထွက်ရှိကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီမှာ ငရုတ်ခြောက် ၁၂၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ငရုတ်စိုက်ခင်းတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်သိမ်းဆည်းခဲ့ရာ လက်ရှိမှာ ဧက ၉၂၀ အထိ ဆွတ်ခူးသိမ်းဆည်းပြီးစီးပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧကကို ငရုတ်ခြောက် ပိဿာချိန် ၇၁၁ ပိဿာ ထွက်ရှိပါတယ်။ သိမ်းဆည်းရန်ကျန်ရှိတဲ့ ငရုတ်ခြောက်စိုက်ခင်းများကိုလဲ အထွက်နှုန်းများ လျော့နည်းမှုမရှိစေရေး အချိန်မီ ဆွတ်ခူးသိမ်းဆည်းကြဖို့ အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်"ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်နှင့် စိုက်ပင်အရေအတွက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသော ငရုတ်သီးနှံများ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရန် GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေး ၊ သဘာဝမြေဩဇာနှင့် သဘာဝစိုက်ပျိုးရေး သွင်းအားစုများ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး ၊ ပိုးမွှားရောဂါကင်းရှင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငရုတ်သီးနှံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ငရုတ်ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )