ငဖဲ မတ် ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာ သုမင်္ဂလာ ရာမကန်လယ်မင်း ပရိယတ္တိစာသင်တိုက်မှ ကြီးမှူး၍ ဗုဒ္ဓမြတ်စွာ၏အဆုံးအမတရားတော်များကို သိရှိလိုက်နာပြီး မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဗုဒ္ဓဘာသာဝင် ရင်သွေးရင်နှစ်တို့အား အခြေခံကိုယ်ကျင့်တရား ကောင်းမွန်စေရန်ရည်ရွယ်၍ (၁၀) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မတ်လ ၁၆ ရက် နေ့မှစ၍ အဆိုပါကျောင်းတိုက်တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ နံနက် (၇) နာရီခွဲတွင် ကန်လယ်မင်းကျောင်းတိုက်ဆရာတော် ဦးခမာဝုဓ ထံမှ ငါးပါးသီလနှင့် ဩဝါဒစကားခံယူဆောက်တည်ကြပြီး နံနက်ပိုင်းတွင် ဆရာ၊ ဆရာမ ၇ ဦးက အခြေခံပညာမူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူလေးများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ဝေသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ စာအုပ်ပါ ဗုဒ္ဓဝင်အကျဉ်း၊ ဩကာသဘုရားရှိခိုးနှင့်တကွ သီလခံယူဆောက်တည်ပုံ၊ ရတနာမြတ်သုံးပါး ဂုဏ်တော်ပါဠိအနက်၊ မေတ္တာပို့အမျှဝေ၊ ၃၈ဖြာမင်္ဂလာကဗျာများကိုလည်းကောင်း၊ နေ့လယ်ပိုင်းတွင် ကန်လယ်မင်းကျောင်းတိုက် ဆရာတော်ဦးခမာဝုဓက အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူများကို ဗုဒ္ဓဝင်အကျဉ်း၊ ကိုယ်ကျင့်အဘိဓမ္မာ၊ ဩကာသဘုရားရှိခိုးနှင့်တကွ သီလခံယူဆောက်တည်ပုံ၊ ရတနာမြတ်သုံးပါး ဂုဏ်တော်ပါဠိအနက်၊ မေတ္တာပို့အမျှဝေ၊ လောကနီတိနှင့်ဆုံးမစာများကို သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ ပေကုန်းကျေးရွာ၊ကံလယ်၊မင်းလွင်၊ အိုးမြေခုံကျေးရွာနှင့် ဝင်္ဂဘာကျေးရွာများမှ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသား/ ကျောင်းသူ ၁၂၅ ဦး တက်ရောက်ကြပြီး မတ်လ ၁၆ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း နှင့် ကျောင်းသား/ ကျောင်းသူများအား အလှူရှင်များမှ စာရေးကိရိယာများလှူဒါန်းခြင်း၊ နေ့စဉ် အချိုရည်၊ မုန့်နှင့် နေ့လယ်စာ ထမင်းဟင်းများကို ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။
မယု(ငဖဲ)