ကော့မှူး မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်များအနေဖြင့် အတွေးမှန်၊ အမြင်မှန်၊ အသိပညာတွေမှန်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် လူငယ်စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာကပ္ပတိန်သာစိန်ရေးသားသည့် “ဘဝခရီးသွား လူငယ်များ”စာအုပ်ထဲမှ လူငယ်စာပေဝါသနာရှင် မကြူကြူမေခိုင်က “ကိုယ်ချင်းစာစိတ်ဖြင့် ကူညီနိုင်ပါစေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသီရီစံက “ချီးမွမ်းသင့်က ချီးမွမ်းပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာမောင်က “ဘဝခရီးနှင်ရာတွင် သင်္ဘောမောင်းဥပမာ”ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက်လူငယ်စာပေဝါသနာရှင် မကြူကြူမေခိုင်က ဘဝခရီးသွားလူငယ်များ လူ့အသိုင်းအဝိုင်းတွင် လူပေါင်းများစွာဖြင့် ထိတွေ့ဆက်ဆံရကြောင်း၊ ထိုလူစုအပေါင်းအသင်းအားလုံးတွင် လူတို့သည် အခြားသူများကိစ္စကို စိတ်မဝင်စားဘဲ မိမိတို့ကိုယ်တိုင် စိတ်ဝင်စားတတ်ကြသော အယူအဆများသာ ဖုံးလွှမ်းနေသော လူများဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိဆက်ဆံနေရသော လူအားလုံးသည် မိမိ၏ ကိစ္စသာ စိတ်ဝင်စား၍ အခြားသူကိစ္စကို စိတ်မဝင်စားတတ်ပါကြောင်း၊ ဤအချက်ကို ဘဝခရီးသွား လူငယ်များ လူမှုဆက်ဆံရေးတွင် သတိပြုသိထားကြရမည်ဖြစ်ကြောင်း၊ ကိုယ်ချင်းစာထား၍ ဆက်ဆံပါက ပိုမိုထိရောက်မည်ဟုဆိုချင်ပါကြောင်း၊ လောက၌ မိတ်ဆွေဝတ္တရားငါးပါးရှိကြောင်း “ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား စီးပွားဆောင်ရွက် နှုတ်မြွက်ချိုသာ သစ္စာမှန်စေ ဝတ်ငါးထွေ ကျင့်လေမိတ်သဟာ”ဟုဆိုကြပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)