ဒလမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဒလ မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်နိုင်လင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်လာသည့်အ‌ကြောင်းအရင်းများ၊ မီးခိုးမြူငွေ့တွင်ပါဝင်သော ဓာတ်ငွေ့များ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုမဖြစ်ပေါ်အောင် လိုက်နာဆောင်ရွက်ရမည့်အချက်များ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပြန်လည်ဆွေးနွေးနိုင်သူများအား ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ဆုချီးမြှင့်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း(အခမဲ့) သင်တန်းတက်‌ရောက်သည့် ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေပေးခဲ့သည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)