တိုက်ကြီး မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေနံနက် ၉ နာရီ ၃၀ မိနစ်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က တပ်မတော်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ နိုင်ငံတော်၏ နယ်မြေအေးချမ်းသာယာရေးနှင့်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်၏ အခန်းကဏ္ဍများ၊ ခေတ်အဆက်ဆက်ပေးဆပ်ခဲ့မှုများနှင့် နောင်လာနောက်သား လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်ထက်သန်စေရေးနှင့် နိုင်ငံတော်ကို ချစ်မြတ်နိုးစေရေး အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများပါဝင်သည့် နံရံကပ်စာစောင်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသ စာအုပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)