စလင်းမြို့နယ်တွင် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်

စလင်း မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကွန်ပျူတာအခြေခံသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စလင်းမြို့နယ်ဦးစီးမှူး ဦးစည်သူလွင်က အဖွင့်အမှာစကားပြောကြားရာတွင်  ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့်  လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းကို စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ မတ် ၂၀ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက သင်ထောက်ကူပစ္စည်းများကိုပေးအပ်ခဲ့ပြီး ကွန်ပျူတာအခြေခံသင်တန်းဆရာမ ဒေါ်ဖြိုးသီရိဇော်က သင်တန်းတက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအား  စိတ်ပါဝင်စားစွာသင်ကြားကြရန်နှင့် ကွန်ပျူတာတတ်မြောက်သည်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကွန်ပျူတာအခြေခံသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၂၅ ဦး တက်ရောက်ကြပြီး မတ်လ ၂၀ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။                  

မောင်လွင်(စလင်း)