ရွှေဘို ဇန်နဝါရီ ၁၂
ရွှေဘိုမြို့ မြို့မစည်ပင်သာယာစျေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မီဘေးလုံခြုံ စိတ်ချမှုရှိစေရေး ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ၊ မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။
ရွှေဘိုမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဆာမူအဲလ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ သန္ဓေတပ်ဖွဲ့ဝင်အင်အား ၁၅ ဦးတို့သည် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ စျေးမိ စျေးဖများ၊ ဆက်စပ်သည့် ဌာနဆိုင်ရာများပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ရေကန်များအားစစ်ဆေးခြင်း၊လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးကောင်းမွန်မှု ရှိ မရှိ၊ လျှပ်စစ်မီးကြိုးများစနစ်တကျ သွယ်တန်းထားရှိ အခြေအနေများနှင့် စျေးအတွင်း မီးလောင် လွယ်စေမည့် အမှိုက်နှင့် မီးလောင်စေတတ်သော ပစ္စည်းများထားရှိမှု မရှိစေရေးတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး စစ်ဆေးတွေ့ရှိချက်များအပေါ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိပါသည်။
ရွှေဘိုခရိုင်အတွင်း ဇန်နဝါရီလ ၉ ရက်နေ့ည ၁၂နာရီ ၁၅ မိနစ်အချိန် တန့်ဆည်မြို့ မေတ္တာမြိုင် ရပ်ကွက် ဦးစောလွင်၏ နေအိမ် ရေမော်တာအပူလွန်ကဲရာမှ လည်းကောင်း၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် ရေဦးမြို့နဟ် လျှော်ဖြူကျေးရွာနေ ဦးမိုးသောင်း၏ နေအိမ် ဘုရားစင်မီးပူဇော်ရာမှလည်းကောင်း မီးလောင်မှုများဖြစ်ပေါ်ခဲ့ရာ ရွှေဘိုခရိုင်မီးသတ် ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ် စိတ်ချလုံခြုံမှုရှိစေရေးတို့ အတွက် နေ့ညမပြတ် စစ်ဆေးကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်းသိရှိရပြီး မီးသတ်ဦးစီးဌာနက မီးသတိပြုရေး မိဘပြည်သူ များထံ ထုတ်ပြန်ကြေငြာထားသည်များကို ပြည်သူများအနေဖြင့် လိုက်နာ ဆောင်ရွက်သွားကြရန် အသိပေး နှိုးဆော်ခြင်း များလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
မြင့်နိုင်စိုး ( ပြန် /ဆက်)