ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ငလျင်ဘေးနှင့်မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော

ပခုက္ကူ မတ် ၂၁

၂၀၂၅ခုနှစ်၊ မတ်လ၂၈ရက်တွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့်အကြို အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ မဟာသရေစည်သူဦးဘခန်းမ၌ မတ် ၂၁ရက် နံနက် ၉နာရီက  ငလျင်ဘေးနှင့်မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောသည်။ 

 ဦးစွာ ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းက ငလျင်ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်အချက်များ၊ ငလျင်ဘေးဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး  ဦးဇော်မျိုးအောင်က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ မီးလောင်စေသာအရာဝတ္ထုပစ္စည်းများ၊ အရေးပေါ်မီးငြှိမ်းသတ်ပစ္စည်းများအသုံးပြုနည်းနှင့် မီးဘေးအန္တရာယ်ကင်းဝေး စေရေးလိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးဟောပြောသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်အမာရီနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ကြပြီး ငလျင်ဘေးနှင့်မီးဘေးဆိုင်ရာအသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

ဘာမီသာ(ပခုက္ကူ)