ပေါင်မြို့နယ်၌ နွေစပါးစိုက်ဧက (၂၃၀၉၈) စိုက်ပျိုးပြီးစီး

ပေါင် မတ် ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မတ် (၂၃) ရက်နေ့အထိ နွေစပါးစိုက်ဧက (၂၃၀၉၈) စိုက်ပျိုးပြီးစီးကြာင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသတွင်း ဆန်ဖူလုံပိုလျှံစေရေးအတွက် နွေစပါးစိုက်ပျိုးခြင်းဖြစ်ပြီး ဆည်ရေ၊ သဘာဝဝင်ရေ၊ ချောင်းပိတ်၊ မြောင်းပိတ်၍ ရေစုပ်စက်စနစ်တို့ဖြင့် စိုက်ပျိုးရေကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်သည် နွေစပါးစိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် နှစ်စဉ် နွေသီးနှံစိုက်ပျိုးရာသီမှာ တောင်သူအများစုက နွေစပါးကို အားထားစိုက်ပျိုးကြသည်။ ဒေသခံတောင်သူတွေကိုလည်း နွေစပါးစိုက်ပျိုးရာမှာ အထွက်နှုန်းတိုးတက်စေရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များနဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာစနစ်တကျ သုံးစွဲရေးအတွက် နယ်မြေအလိုက်တာဝန်ပေးထားတဲ့ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသခံတောင်သူတွေ အဓိကစိုက်ပျိုးတဲ့ နွေစပါးမျိုးတွေကတော့ အောင်နိုင်တိုး ၊ မှော်ဘီ-3၊ ရွှေသွယ်ရင် ၊ ရေဆင်းပေါ်ဆန်း (၁ ၊ ၂) ၊ ဆင်းသုခ ၊ ရတနာတိုးစတဲ့ စပါးမျိုးများကို စိုက်ပျိုးကြောင်း သိရသည်။

ဒေသခံတောင်သူများ နွေစပါး အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ကတိုက်ဆည်မှ ဆည်ရေများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သထုံခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၆) ထံမှ သိရသည်။

မွန်မလေး (ပြန်/ဆက်)