တွံတေးမြို့နယ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးလက်စာကြည့်တိုက်ဖွင့်လှစ်

တွံတေး  ဇန်နဝါရီ  ၁၂

ကျေးလက်နေပြည်သူများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်ရှိန်မြင့်မား တိုးတက်လာစေရန် အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရွှေလှေချောင်(တွံ) ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာတွင် သုတဆုံရာကျေးလက် စာကြည့် တိုက် အဆောက်အအုံသစ် ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါ စာကြည့်တိုက်ရှေ့၌ ဖွင့်လှစ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးမြင့်လွင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးနေနိုင်ဦး၊ ဒေါက်တာရည်ရည်မွန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးတို့က အမှာစကားများ ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာကြည့်တိုက်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုရခြင်း၏အကျိုးကျေးဇူးအကြောင်း၊ စာကြည့်တိုက်ရေရှည် တည်တံ့ရေး၊ စာအုပ်စာစောင် တိုးပွား ရေး၊ ခိုင်မာသောစာကြည့်တိုက်ကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

စာအုပ်လှူဒါန်းမှုကို ပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက သုတဆုံရာ စာကြည့်တိုက်အတွက်သုတ စာအုပ်(၅၀)၊ ဦးကံမြင့်(အုတ်၊သဲကျောက်)လုပ်ငန်းမှ သုတ/ ရသစာအုပ်ငွေကျပ် (၁၀၀၀၀၀)ဖိုးလှူဒါန်းရာစာကြည့်တိုက်မှူး ဦးမြင့်လှိုင် က လက်ခံရယူပြီး စာအုပ်အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။ ယင်းနောက်ကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမျိုးဆန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါစာကြည့်တိုက် အဆောက်အအုံသစ်မှာ အလျား၃၀ပေ၊ အနံ၂၀ပေ သွပ်မိုး၊အုတ်ကာ၊ အာရ်စီတစ်ထပ်ဖြစ်ပြီး အလှူရှင်များ နှင့် ကျေးရွာလူထုပူးပေါင်း၍ ငွေကျပ်သိန်း(၁၀၀)ခန့် အကုန်အကျခံကာ ကျေးရွာတွင်မူလတန်းကျောင်း (၁)ကျောင်း ရှိပြီး အထက် တန်း၊ အလယ်တန်း ကျောင်းသား(၉၀)ဦးခန့်ရှိပြီး ကျေးလက်နေပြည်သူအများစု စာဖတ်အားနည်းလာသည့် အတွက် အလှူရှင် များက လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်အား မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း  အလှူရှင် ဦးကံမြင့်ထံမှသိရှိရသည်။

မျိုးလှိုင်(တွံတေး)