ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စားတော်ပဲ ၁၈၅၀ ဧကထိ ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စားတော်ပဲ ၁၈၅၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားတော်ပဲသီးနှံ ၃၄၈၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စားတော်ပဲစိုက်ခင်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ၁၈၅၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၈ ဒသမ ၀၁ တင်း ထွက်ရှိကြောင်း သိရသည်။

“ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားတော်ပဲ ၃၄၈၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစားတော်ပဲ စိုက်ခင်းတွေကို လက်ရှိမှာရိတ်သိမ်းလျက်ရှိပြီး ဒီနေ့ထိ ၁၈၅၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ စားတော်ပဲသီးနှံ စိုက်ပျိုးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းတိုးတက်စေဖို့၊ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ရိတ်သိမ်းခြွေလှေ့ရာမှာလဲ အထွက်နှုန်းတွေ လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် စနစ်တကျ ရိတ်သိမ်းကြဖို့နဲ့ လိုအပ်တဲ့ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များကိုလဲ  ဆောင်ရွက်ပေးပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ စားတော်ပဲသီးနှံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းများ တိုးတက်စေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေး၊ မြေဩဇာနှင့် သွင်းအားစုများ မှန်မှန်ကန်ကန်သုံးစွဲတတ်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ အချိန်မီသီးနှံရိတ်သိမ်းနည်းပညာများ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဈေးကွက်ရှိသည့် စားတော်ပဲသီးနှံကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံစိုက်ပျိုးရာ၌ အချို့တောင်သူများက စားတော်ပဲကို သီးသန့်စိုက်ပျိုးကြသလို နှစ်သီးစားဝင်ငွေရရှိရေးအတွက် အခြားသီးနှံများနှင့်ရောနှော၍ သီးထပ်သီးညှပ်စိုက်ပျိုးကြကြောင်းလည်း သိရသည်။

စားတော်ပဲသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးကာ အထွက်နှုန်းများတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတွင်းစားသုံးမှုဖူလုံစေမည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စားတော်ပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေးဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)